Nanda Win Myint
Digital Marketing Executive
Online တွင် စာပို့ပြောဆိုရာတွင် ပြုမူသင့်သောအရာများ
အခုနောက်ပိုင်းမှာ Online ကို အသုံးပြုတာ အရမ်းကို များပြားလာပါတယ်။ ပြီးတော့ Freelance(အလွတ်တန်း) လုပ်ကိုင်တဲ့သူတွေလည်းများပြားလာပြီး သူတို့တွေက online ကနေ ဆက်သွယ်ပြီး အိမ်ကနေပြီး အလုပ်တွေကို လုပ်ကိုင်ပေးကြပါတယ်။ဒါပေမယ့် အဲ့ဒီလိုမျိုး online ကနေ တဆင့်ဆက်သွယ်ပြောဆိုရတာက လူချင်းတွေ့ပြီး ပြောဆိုရတာနဲ့ အရမ်းကို ကွာခြားပါတယ်။အဲ့ဒီအတွက်ကြောင့် online ကနေ စာပို့ပြောဆိုတဲ့အခါမှာ နားလည်မှုလွဲတာမျိုးမဖြစ်အောင် ပြောဆိုသင့်ပါတယ်။မနေ့သစ်က သူငယ်ချင်းတို့ကို Online ကနေ စာပို့ပြောဆိုတဲ့အခါမှာ ဘယ်လိုမျိုး ပြုမူပြောဆိုသင့်လဲဆိုတာကို ပြောပြပေးမယ်နော်။
(၁) လေးစားမှုရှိပါ
လူတိုင်းမှာ ခံစားချက်အမျိုးမျိုးနဲ့ အထင်အမြင်အမျိုးမျိုးရှိတတ်ပါတယ်။ ပြီးတော့ကိုယ်က online ကို အသုံးပြုတဲ့အခါမှာ အဲ့ဒါကိုလည်း သိထားဖို့လိုအပ်ပါတယ်။ ကိုယ်က တခြားသူကို မမြင်ရပဲနဲ့ စာပို့ပြောဆိုလို့ရပါတယ်။ ဒါပေမယ့်သိထားရမှာတစ်ခုက အဲ့ဒီ account ကို အသုံးပြုနေတဲ့သူက ခံစားချက်ရှိတဲ့ တကယ့်လူဆိုတာကိုပဲ။ ကိုယ်က အဲ့ဒီလူကို မျက်နှာချင်းဆိုင် မပြောချင်ဘူးဆိုရင် စာပို့ပြောဆိုတာမျိုးလည်း မလုပ်သင့်ပါဘူး။ ကိုယ့်ကို ဒီလိုစကားမျိုးပြောဆိုတာ မကြိုက်ဘူးဆိုရင် တခြားသူတွေလည်း ကြိုက်မှာမဟုတ်ဘူးဆိုတာကို သိထားသင့်ပါတယ်။
(၂) ကိုယ်ပို့တဲ့စာကို ဘယ်လိုတွေးမိနိုင်လဲဆိုတာကို သိထားပါ
ပြင်းထန်တဲ့ စကားအသုံးအနှုန်းတွေ အင်္ဂလိပ်စာ စာလုံးအကြီးတွေနဲ့ ရေးတာတွေနဲ့ exclamation marks တွေက စာမှာ အဓိပ္ပာယ်ကောက်လွဲတတ်ပါတယ်။ အချင်းချင်းတွေ့ပြီးစကားပြောဆိုတဲ့အခါမှာ ပိုပြီးနားလည်အောင် လက်ဟန်အမူအယာတွေ မျက်နှာအမူအယာတွေနဲ့ အသံတွေက ကူညီပေးပါတယ်။ အကယ်၍ သိပ်နားမလည်ဘူးထင်ရရင်လည်း ကိုယ်က ပြန်ပြောလို့ရတယ်လေ။ ဒါပေမယ့် online ကနေ စာပို့ပြောဆိုရင်တော့ အဲ့ဒါတွေကို မသိနိုင်ဘူးလေ။ ကိုယ်ပို့လိုက်တဲ့ စာကြောင်းလေးပေါ်မှာတင် အဓိပ္ပာယ်ကောက်လွဲသွားတာမျိုးရှိနိုင်တဲ့အတွက် ကိုယ်ပြောမယ့် အကြောင်းအရာကို ရေးတဲ့အခါမှာ သတိထားသင့်ပါတယ်။
(၃) နောက်ပြောင်ပြောဆိုတာတွေကို သတိထားပါ
သူငယ်ချင်းတွေနဲ့ စကားပြောဆိုတဲ့အခါမှာ နောက်ပြောင်ပြောဆိုတာကကောင်းပါတယ်။ ဒါပေမယ့် online ကနေ စာပို့ပြောဆိုတဲ့အခါမှာ ကိုယ်က နောက်ပြောင်သလိုရေးလိုက်တာဖြစ်ပေမယ့် စာကို ဖတ်တဲ့သူက နောက်ပြောင်တာလို့မထင်ပဲ အထင်မှားတာမျိုးဖြစ်တတ်ပါတယ်။ တချို့တွေက emoticons တွေကို အသုံးပြုရတာ ကြိုက်နှစ်သက်ကြပါတယ်။ အကယ်၍ ကိုယ်က နောက်ပြောင်တဲ့စာပို့တဲ့အခါမှာ ‘lol’ တို့ ရယ်နေတဲ့ပုံတို့ နောက်ပြောင်တဲ့ပုံတို့လိုမျိုးလေးတွေ ထည့်ပို့လိုက်ရင် စာဖတ်တဲ့သူကလည်း ကိုယ်က အတည်ပြောတာမဟုတ်ဘူး နောက်ပြောင်နေတယ်ဆိုတာကို နားလည်သွားနိုင်ပါတယ်။ ကိုယ်က စာမပို့ခင်မှာလည်း နောက်ပြောင်တယ်လို့ပဲထင်မလား တကယ်ထင်သွားနိုင်လားဆိုတာကို သေချာစေဖို့အတွက် စာကို သေချာပြန်ဖတ်သင့်ပါတယ်။
(၄) emoticons တွေအသုံးပြုတာကို ဂရုစိုက်ပါ
Online ကတွေ စာပို့ပြောဆိုတဲ့အခါမှာ အများစုက emoticons တွေ အရမ်းအသုံးပြုကြပါတယ်။emoticons သုံးတာကလည်း ကိုယ့်ရဲ့စိတ်ကို ဖော်ပြလို့ရတဲ့အတွက်ကောင်းပါတယ်။ ဒါပေမယ့် emoticons တွေ အသုံးပြုတဲ့အခါမှာလည်း ဂရုစိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေကျရင် emoticons တွေရဲ့ အဓိပ္ပာယ်ကောက်လွဲသွားတာမျိုးတွေဖြစ်သွားနိုင်ပြီး အဲ့ဒီကနေတဆင့် နားလည်မှုလွဲတာတွေလည်း ဖြစ်သွားနိုင်ပါတယ်။အဲ့ဒီတော့ ကိုယ်က emoticons တွေကို အသုံးပြုတဲ့အခါမှာလည်း ကိုယ်သုံးလိုက်တဲ့ emoticons က ဘယ်လိုဖြစ်သွားနိုင်တယ်ဆိုတာမျိုးကို ကြိုတင်စဉ်းစားပြီး သုံးသင့် မသုံးသင့်ကို ဆုံးဖြတ်သင့်ပါတယ်။